Thursday, February 27, 2014

Vault v5.0.04.22 Apk For Android




✔Vault v5.0.04.22 Apk For Android✔ 
-မိမိတို့ ဖုန်းထဲက Video တွေ၊Photo တွေ၊ Sms Message တွေ၊Facebook Message တွေ၊ကို Hide ထား ဖွက်ထားပေး လို့ရမယ့် "Vault v5.0.04.22" ဆိုတဲ့ Application လေးတစ်ခု Latest Version လေးတစ်ခုကို တင်ပေးလိုက်ပါပြီ။
App တွေကို Lock ချလို့ရတဲ့ Feature ပါ ပါဝင်ထားတာမို့လည်း User များ ကြိုက်နှစ်သက်စေမှာပါ-

-Apk File Size 3MB ရှိပြီး
-Android OS Version 2.0.1 နဲ့ အထက်ရှိထားတဲ့ ဖုန်းများမှာ ထည့်သွင်း install လုပ်၍ အသုံးပြုနိုင်ပါလိမ့်မယ်-

-အောက်က လင့်ခ် မှာဒေါင်းလုပ်ရယူပါ-

♨ http://www.mediafire.com/?v2ktwazxd9u3h1i 

credit to ကိုဇော်သွင်(နည်းပညာ)

ကယားလူမျိုးတို့၏ ဂေး(ခေါ်)တောလိုက်ပွဲ

ဂေးဆိုသည်မှာ ရပ်ရွာနယ်မြေ၊ ဒေသဟူ၍ အနက်အဓိပ္ပါယ်ရပါသည်။ ကယားတို့သည် ဂေး(ခေါ်) တောကောင်လိုက်ပွဲကျင်းပခြင်းသည် အရေးပါသည့် ရိုးရာဓလေ့ထုံးစံပွဲတစ်ရပ်ဖြစ်ပါသည်။
ဂေး(ခေါ်)တောကောင်လိုက်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ပိုင်ရပ်ရွာနယ်မြေဒေသ အစရှိသည်များ မပျက်စီးဘဲ တည်မြဲစေရန် ရေမြေတောတောင်စောင့်နတ်များတို့က ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် ယဇ်ပူဇော်ပသခြင်းဖြစ်ပါသည်။ ရှေးအခါက ကယားတို့သည် ဂေး(ခေါ်)တောကောင်လိုက်ပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်အထိ ကျင်းပလေ့ရှိပါသည်။ ငါးနှစ် တစ်ကြိမ်၊ ခုနှစ်ရက် တစ်ပတ်ကြအောင် ကြီးကျယ်ခမ်းနားသည့် တောကောင်လိုက်ခြင်းမျိုးကိုလည်း ကျင်းပလေ့ရှိသည်။ ထိုပွဲတော်များကို ကျင်းပသည့်အခါ ဖားစည်များကိုတီးပြီး ဂါထာ၊ မန္တန်များကို ရွတ်ဆိုကြပါသည်။ ယင်းပွဲတော်ရက်တစ်ပတ် အတွင်း တော်ကောင်များကို နေ့စဉ်ရက်ဆက်လိုက်နေကြပြီး အိမ်နေသူများအားလုံးတို့သည်လည်း အလုပ်မလုပ်ကြချေ။ ကယားတို့သည် ဂေးပွဲကို ကေ့ထျိုးဘိုးပွဲတော်ကျင်းပပြီးစီးသည့် နွေရာသီတွင် တစ်ကြိမ်နှင့် မိုးတွင်းတောင်ယာစပါးကောက်ပဲသီးနှံစိုက်ပျိုးပြီးစီးသည့်အချိန်တွင် တစ်ကြိမ် ကျင်းပလေ့ ရှိပါသည်။
                       
ကယားတို့ ဂေး(ခေါ်)တောကောင်လိုက်ပွဲကျင်းပပုံမှာ တောကောင်လိုက်မည့် နေ့ရက်ကို သတ်မှတ်နိုင်ရန် သုံးရက်ကြိုတင်၍ ကြက်ရိုးထိုးပြီး၊ နေ့ကောင်းရက်မြတ်ကို ရွေးကြပါသည်။ တောကောင် လိုက်ပွဲအဖြစ် ရွေးယူသတ်မှတ်သောနေ့တွင် နံနက်မိုးလင်းမှစ၍ တောကောင်လိုက်သူများ ရပ်နားသည်အထိ မည်သူမျှ ရွာတွင်းတွင်လည်းကောင်း၊ ရွာအပြင်တွင် လည်းကောင်း အလုပ်အလုပ်ရသည့်အပြင် အသားကိုလည်း မစားရ၊ အိမ်ထဲမှာပင် ငြိမ်သက်စွာ နေကြရသည်။ အဝေးမှလာသည့် ဧည့်သည်များကိုလည်း တောကောင်လိုက်နေချိန်အတွင်း ရွာတွင်းသို့ ၀င်ရောက်ခြင်းကို တားမြစ်ကြသည်။ ရွာတွင် တောကောင် လိုက်ပွဲကျင်းပနေခြင်းကို ရပ်ဝေးမှ ဧည့်သည်များသိရှိနိုင်ရန် ရွာတွင်းသို့ဝင်သော အ၀င်လမ်းများထိပ်တွင် သစ်ကိုင်းများဖြင့် ပိတ်ထားလေ့ရှိပါသည်။
        တောကောင်လိုက်ပွဲကျင်ပသည့်နေ့တွင် ထမင်းထုပ်ကိုယ်စီဖြင့် လက်နက်များနှင့်အတူ ရွာအပြင်ဘက် လမ်းဆုံတွင် စုရုံးကြပါသည်။ ထိုအခါတောကောင်ပေါများသည့်နေရာကို တိုင်ပင်ဆွေးနွေးကြသည်။ တောကောင်လိုက်ရာတွင် ယဇ်ပူဇော်ရန် ဂျီ(ချေ) သတ္တ၀ါရရှိရန် ဓလေ့ထုံးစံရှိပါသည်။ ချေမရပါက ကျားမှအပ အခြားသတ္တ၀ါကောင်များဖြင့်လည်း ယဇ်ပူဇော်နိုင်သည်။ အကယ်၍ တောလိုက်ရာ၌ မည်သည့်သတ္တ၀ါမျှ မရပါက တောကောင်ရသည်အထိ ဆက်လက် တောလိုက်ကြပါသည်။
တောကောင်လိုက်ပွဲကျင်းပနေစဉ်တွင် ရွာတွင်နေခဲ့သော ရွာသားများအားလုံးတို့သည် တောကောင်လိုက်သူများ ပြန်လာသည်အထိ ဥပုသ်စောင့်ကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ တောကောင်လိုက်သူများ ဘေးအန္တရာယ်များ တစ်စုံတစ်ရာမဖြစ်စေရန်အတွက် ဖြစ်ပါသည်။ တောကောင်လိုက်ရာတွင် ကြီးမားသော တောကောင်များနှင့် အခြားအကောင်များရရှိပါက ရွာသို့ သတင်းပို့ပေးရပါသည်။ ထိုအခါ ရွာတွင် နေခဲ့သူများက ထမင်းခေါင်ရည်အစရှိသည့် စားဖွယ်များပြုလုပ်ပြီး ကြိုဆိုကြပါသည်။
တောလိုက်၍ ရလာသောအကောင်များ၏ အသားများကို အိမ်တိုင်းအညီအမျှစေ့အောင် ဝေပေးရန် ပြုလုပ်ရသည်။ ကျန်ရှိသော အရိုးများ၊ ခေါင်းနှင့် အသည်းများအားလုံးကို ချက်ပြုတ်၍ ကျက်သောအခါ ဂေးဖု(ခေါ်)အကြီးအကဲက ဦးဆောင်၍ တောကောင်၏ အရိုးနှင့်အသားမျိုးစုံအနည်းငယ်စီ စုပုံထားပြီး ဂါထာ မန္တန်ဆိုကာ ဂေးဖုခေါ်သစ်ပင်ပေါ်၌ ယဇ်ပူဇော်ပသတင်ထားရသည်။ နတ်ပူဇော်တင်ထားပြီးသောအခါ ထူး(ခေါ်) ကျွဲဂျိုခရာကို သုံးကြိမ်သုံးခါကျယ်လောင်စွာ မှုတ်ပေးရသည်။ ထိုသို့မှုတ်ခြင်းမှာ ယဇ်ပူဇော်ပွဲပြီးကြောင်း ခွဲဝေပေးသော အသားများကို မည်သူမဆို စားနိုင်ပြီဖြစ်ကြောင်း အသိပေးသည့် သဘောမျိုးဖြစ်ပါသည်။

နတ်စာပူဇော်ပသမှုပြုလုပ်ပြီးသည်အခါ အသားများကို တောကောင်လိုက်သူများအားလုံး တစ်ပျော်တစ်ပါး စားကြပါသည်။ ဟိုတစ်စုသည်တစ်စုဝိုင်းထိုင်ကြပြီး တောကောင်လိုက်ပုံ၊ ပစ်ခတ်ပုံ၊ ဖမ်းယူရရှိပုံစသည်များကို ပြောဆိုကြပြီး ညနေပိုင်းမိုးချုပ်အချိန်တွင် ရုတ်သိမ်းပြီး နေအိမ်အသီးသီးသို့ ပြန်သွားကြပါသည်။

Tuesday, February 25, 2014

ကယားလူမျိုး(၉)မျိုး၏ ၀တ်စားဆင်ယင်ပုံများ

အတတ်နိုင်ဆုံး ရှာဖွေပေးခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကယန်းလထရဲ့ ၀တ်စားဆင်ယင်မှုသမိုင်းကို ရှာမတွေ့ခဲ့ပါဘူး။ ကျန်တဲ့လူမျိုး(၈)မျိုးကတော့ ရှိတဲ့အတွက် တင်ပေးလိုက်ပါတယ်။ ကယားပြည်နယ်ရဲ့ ရိုးရာအမွေအနှစ်တွေကို မြန်မာတစ်နိုင်ငံလုံးသာမကဘဲ တစ်ကမ္ဘာလုံးသိအောင် ရည်ရွယ်ပါတယ်။

ကယား
ရှေးယခင်က ယောက်ျားများဆံထုံး ထုံး၍ အဖြူရောင်ခေါင်းပေါင်း ပေါင်းသည်။ အနီရောင် ဘောင်းဘီတိုနှင့် အင်္ကျီအဖြူရောင်အနီကွက် ရှေ့ကွဲနောက်ကွဲကို ၀တ်ကြသည်။ အ၀တ်အထည် များမှာ ဂျပ်ခုတ်ထည်များဖြစ်သည်။ နားပေါက်ဖောက်ပြီး နားဆွဲအချွန်များ ဆွဲထားသည်။
          အမျိုးသမီးများသည် ဆံထုံး ထုံး၍ အနီရောင်ပုဝါပေါင်းသည်။ လုံချည်မှာ အနီရောင်ဖြစ်ပြီး ဒူးဆစ်အထက်နားအထိရှည်သည်။ ဒူးဆစ်တစ်ဘက်စီတွင် ချည်ကိုသစ်စေးသုတ်ထားသည့် (ကဘု) ခေါ် ချည်ခွေကို ၀တ်ဆင်ထားပါသည်။ ချည်ခွေ၏ အလေးချိန်မှာ (၅၀)ကျပ်သားမှ တစ်ပိဿာအထိ လေးပါသည်။ အင်္ကျီအဖြစ် ခြံထည်ကိုညာသိုင်းပြီး လုံချည်အပေါ်အထိ ဖုံး၍ ခြုံထားပါသည်။ ခြုံထည်မှာအနက်ရောင်ဖြစ်ပါသည်။ ခါးတွင် အဖြူရောင်ခါးစည်း စည်းထားပါသည်။ ခါးစည်းမှာ (၅)ပေ ရှည်ပါသည်။ အပေါ်ဆုံးတွင် အနီရောင်ခြုံထည် လွှမ်းခြုံထားပါသည်။ နားတွင် ငွေနားတောင်း၊ ငွေနားဆွဲချွန်များကို ဆွဲထားပြီး လက်တွင် ငွေလက်ကောက်များ တစ်ကွင်းမှ သုံးကွင်းအထိ ၀တ်ဆင် ထားပါသည်။ လည်တွင် ငွေဒင်္ဂါးများကို ကြိုးသီပြီး ဆွဲထားပါသည်။ ခြေကျင်းတွင် ပုတီးစေ့များကို ကြိုးစီတန်း၍ ကုံးပက်ထားပါသည်။
ဂေခို
ယောက်ျားများ ရှေ့ကွဲနောက်ကွဲအဖြူရောင်သင်တိုင်းများကို ၀တ်ကြသည်။ ဆံထုံး ထုံး၍ ခေါင်းပေါင်း ပေါင်းသည်။ ဘောင်းဘီမှာအဖြူရောင်ဖြစ်သည်။ အမျိုးသမီးများ ဆံပင်ရှည်နောက်ဆံထုံးပြီး (၄)ထောင့်ပုဝါကို ထောင့်စွန်းနှစ်ဘက်မှဆွဲကာ ငယ်ထိပ်မှ မေးစေ့သို့ချထားသည်။ အဖြူရောင်သင်တိုင်းနှင့် အနီခံ၍ အနက်ရောင်ဖြင့် ဖောက်ထားသော ထမီကို ၀တ်ကြသည်။ ဖားစည်ပုံရှိသော နားတောင်းကို ပန်ပြီး ငွေပြားကို သီ၍ ဆွဲထားကြသည်။ လက်တွင် ငွေလက်ကောက်များ ၀တ်ဆင်ထားကြသည်။


ကယန်း(ပဒေါင်)
ရှေးအခါက ယောက်ျားများသည် ဆံထုံး ထုံးပြီး ခေါင်းပေါင်းအဖြူရောင်ကို ပေါင်းပါသည်။ အဖြူရောင် ဘောင်းဘီတိုနှင့် အင်္ကျီအဖြူရောင်ရှေ့ကွဲနောက်ကွဲသင်တိုင်းကို ၀တ်ဆင်ထားပါသည်။ ပွဲလမ်းသဘင် သွားသည့်အခါ ခါးတွင် ငွေဒါးမြှောင်၊ ငွေဒါးလွယ် လွယ်ထားပါသည်။ နားဖောက်ပြီး နားဆွဲချွန် ဆွဲထားပါသည်။
မိန်းမများ ဦးခေါင်းထိပ်တွင် ဆံထုံး ထုံးပြီး ၀ါးဘီးကြီးတစ်ခုနှင့် ၀ါးဘီးငယ်တစ်ခုကို စိုက်ထားပါသည်။ ဒူးဆစ်အထိရှည်သော အနက်တစ်ပိုင်းနှင့် အနီရောင်တစ်ပိုင် ထမီကို ၀တ်ပါသည်။ အင်္ကျီမှာ အဖြူရောင်ဖြစ်ပြီး ရှေ့ကွဲနောက်ကွဲသင်တိုင်းဖြစ်သည်။ လည်ပင်းတွင် ကြေးခွေများကို စွပ်ထား ပါသည်။ ကြေးခွေ၏အောက်ပိုင်း လည်ဂုတ်တွင်  ကြေးခွေကလေးများကို အထိန်းသဘောဒေါက်လိုက် စွပ်ထားပါသည်။ ဒူးအောက်ပိုင်းနှင့် ခြေသလုံးတို့တွင် ကြေးခွေများ စွပ်ထားပါသည်။ နားပေါက်ကျယ်ကျယ်ထားပြီး ငွေနားဆွဲများ၊ နားတောင်းများ ၀တ်ဆင်ကြသည်။ လည်တွင် ငွေပြားများကိုသီ၍ ဆွဲထားပါသည်။ ခေါင်းဆောင်အဖြူရောင်ကို ပေါင်းထားပြီး ဆံထုံးကို ငွေဆံထုံးဖြင့် ထိုးထားပါသည်။
ယင်းဘော်
ယောက်ျားများ အနက်ရောင်ဘောင်းဘီတို၊ အင်္ကျီအဖြူရောင် ရှေ့ကွဲကို ၀တ်ဆင်သည်။ ဆံထုံး ထုံးပြီး ခေါင်းပေါင်းအဖြူရောင်ကို ပေါင်းထားသည်။ နားဖောက်၍ နားဆွဲချွန်ဆွဲထားပါသည်။ ဒူးဆစ် အောက်ပိုင်းတွင် သစ်စေးအမဲရောင်သုတ်ထားသည့် ချည်အမဲကိုပတ်ထားသည်။ ကြွေစေ့များကို ခေါင်းပတ်နဖူးတစ်ဝိုက်တွင် သီဆွဲထားသည်။ လည်ပင်းတွင် ကြွေပုတီးများကို အဆင့်ဆင့်စွပ်ထားသည်။
မိန်းမများ အနက်ရောင်ထမီကိုဝတ်ပြီး သစ်စေးသုတ်ကြိုးခွေကို ဒူးဆစ်အောက်တွင် ပတ်ထားသည်။ ခါးတွင် ပုဝါအဖြူရောင်စည်းပြီး အစကို ဒူးအထိချထားသည်။ အင်္ကီလက်ရှည် အနက်ရောင်ဝတ်ပြီး ခြုံထည်အနက်ရောင်လွှမ်းခြုံထားသည်။ ယောက်ျားများကဲ့သို့ ခေါင်းပေါင်း ပေါင်းပြီး နဖူးတစ်ဝိုက်တွင် ကြွေစေ့များ သီဆွဲထားသည်။ ငွေပြားလည်ဆွဲကို သီဆွဲထားပါသည်။ လက်တွင် ငွေလက်ကောက်များ ၀တ်ထားသည်။ နားပေါက်ဖောက်၍ ငွေနားတောင်း၊ နားဆွဲများ ပန်ဆင်ကြသည်။ ခါးတွင် ကြွေစေ့များကို သီ၍ ခါးပတ်ကြသည်။


ကယန်းလထ


မိုနူ

ယောက်ျားများနှင့် အမျိုးသမီးများ ၀တ်စားဆင်ယင်မှုများ ကယားလူမျိုးစုနှင့် ဆင်တူပါသည် ထူးခြားချက်တစ်ရပ်မှာ ကယားလူမျိုးစုတို့က အနီရောင်ကိုဝတ်ဆင်ပြီး၊ မိုနူလူမျိုးစုသည် အနက်ရောက်ကို ၀တ်ဆင်ပါသည်။ မိုနူအမျိုးသမီးများသည် ခေါင်းစည်းအနက်၊ ခြုံထည်အနက်၊ အတွင်းခံအင်္ကျီအနက်နှင့် အနက်ရောင်ထမီတိုကို ၀တ်ဆင်ကြသည်။ ခါးတွင် ခါးစည်းမှာ အဖြူရောင် ဖြစ်သည်။ ဒူးဆစ်တွင်လည်း အမျိုးသမီးကဲ့သို့ ချည်ခွေစွပ်ထားပါသည်။ ငွေလက်ကောက်၊ ငွေနားတောင်းကို ၀တ်ဆင်ထားကြသည်။ လည်တွင် ငွေပြားများနှင့် လခြမ်းသဏ္ဍာန် ငွေပြားကို သီကုံးပြီး ဆွဲထားကြသည်။
ကယော
ယောက်ျားများဦးထိပ်တွင် ဆံထုံး ထုံးပြီး ခေါင်းပေါင်းအနီရောင် ပေါင်းထားသည်။ အနီခံပြီး အနက်ရောင်ဖောက်ထားသည့် ဘောင်းဘီတိုကို ၀တ်ဆင်ကြသည်။
အမျိုးသမီးများသည် အနက်ရောက် ထမီကိုဝတ်ဆင်ကြသည်။ အနီခံ၍ အနက်ရောင် ဖောက်ထားသည့် အကျီဝတ်ကြသည်။ လည်ပင်းတွင် ကြေးခွေ၊ ပုတီး၊ လခြမ်းသဏ္ဍာန် လည်ဆွဲ ဆင်ယင်ကြသည်။ နားတွင် နားဆွဲများ၊ ငွေကွင်းများ ဆင်ထားကြသည်။ လက်တွင် ငွေလက်ကောက် ၀တ်ဆင်ပြီး ဒူးဆစ်အောက်ပိုင်းတွင် ကြေးခွေစွပ်ထားကြသည်။ ဆံထုံး ထုံးပြီး ၀ါးဘီးဖြင့် စိုက်ထားသည်။


ယင်းတလဲ
ယောက်ျားများ ဘောင်ဘီဖြူနှင့် ရှပ်အင်္ကျီကို ၀တ်ထားကြသည်။ ပန်းရောင် ခေါင်းပေါင်း ပေါင်းကြသည်။

အမျိုးသမီးများသည် အင်္ကျီအဖြူရောင်ဝတ်ပြီး အစိမ်းဖောက်နှင့် ထမီအနီရောင်ခံပြီး အစိမ်းဖောက်သည်ကို ၀တ်ဆင်သည်။ ငွေပြာမျးားကို သီပြီး ဘယ်ညာစလွယ်သိုင်းပြီး ဆင်ယင်ကြသည်။

ဂေဘား
ယောက်ျားများ သင်တိုင်းအဖြူရောင်နှင့် အနက်ရောင်ဘောင်းဘီကို ၀တ်ဆင်ကြသည်။ နားပေါက် ဖောက်ပြီး ယောင်ထုံးသည်။ ၀ါးဘီအငယ်ထည့်၍ ထုံးကြသည်။ ခေါင်းပေါင်း ပေါင်းကြသည်။

မိန်းမများ အနီရောင်ခံပြီး အစိမ်းဖောက်သည့်ထမီ၊ သင်တိုင်းအဖြူရောင်ကို ၀တ်ဆင်ကြသည်။ ပုဝါကို ဆံထုံတွင် ပတ်ထားကြသည်။ ပယင်းပုတီး၊ ငွေပြားများကို သီဆွဲကြသည်။
S.Htoowai


Monday, February 24, 2014

လွိုင်ကော်မြို့ဖြစ်ပေါ်လာပုံသမိုင်း

        လွိုင်ကော်မြို့ကို ကယားလူမျိုးတိုက (ဆိရိဒေါ)ဟုခေါ်သည်။ ဆိရိဒေါသည် ဆိရိရွာဟု အဓိပ္ပါယ်ရသလို ကြက်ရိုးထိုး၍ အောင်မြင်သည်ဟူ၍လည်း အဓိပ္ပါယ်ရပါသည်။
        ဆိရိဒေါဟုခေါ်ဆိုရခြင်းမှာ ရှေးနှစ်ပေါင်းများစွာက လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီလူးချောင်းအရှေ့ဘက်ကုန်းမြင့်နေရာတွင် ကယားအမျိုးသား(၄)ဦးတို့က တောကိုခုတ်ထွင်ရှင်းလင်းပြီး ကြက်ရိုးထိုးကာ မင်္ဂလာရှိသည်ဟုယူဆသောကြောင့် ရွာကိုတည်ထောင်ခဲ့သည်။ နောင်အခါတွင် ဘီလူးချောင်း တစ်လျှောက်တွင် ကူးသန်းရောင်းဝယ်မှုဖြင့်သွားလာသည့် ရှမ်းအမျိုးသား(လုံးဆိရိ)သည် ကယားတို့ နှစ်သက်သော ကွမ်းသီး၊ ကွမ်းရွက်၊ ဆေး၊ ဆားအစရှိသော ပစ္စည်းများကိုလာရောက်ရောင်းချယင်း အဆိုပါ ကယားရွာငယ်တွင် ဆိုင်တစ်ဆိုင်ကိုလာရောက်ဖွင့်လှစ်ခဲ့သည်။ ထိုအခါက အလက(၁)နေရာတွင် ဒေါတမရွာ၊ သီးသန့်ရဲစခန်းတွင် ဒေါဥခူရွာ၊ ဒေါနိုးကူးနှင့်ဒေသပါတီရုံးအနီးတွင် ဒေါဆွီးဗွီးရွာတို့ရှိသည်။ လုံးဆိရိသည် အရှေ့ ကရင်နီစောဖျာဖမော်ကြီးထံ ၀င်ရောက်ခစားပြီး အဆိုပါကယားရွာငယ်တွင် မြို့တည်ရန် ခွင့်တောင်းခဲ့ရာ ဖဖော်ကြီးက မြို့တည်ခွင့်ပြုခဲ့ပါသည်။
        လုံးဆိရိသည် မြို့ကိုတည်ရန် လူနေအိမ်ကွက်များကို စနစ်တကျအကွက်ချထားခဲ့သည်။ မြို့ကိုတည်သည့် ရက်ကိုရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်၊ ကဆုန်လ၊ သောကြာနေ့ ဖြစ်ပါသည်။ မြို့နံသောကြာဖြစ်သည့်အတွက် ထိုအချိန်မှစ၍ နှစ်စဉ် ကဆုန်လ၊ သောကြာနေ့ကျရောက်သည့် အခါ မြို့တည်သည့်အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းပွဲကျင်းပလေ့ရှိပါသည်။      
        မြို့ကိုတည်ပြီးနောက် မြို့နံစေတီကုန်းထိပ်တွင် (၅)ရက်တစ်ဈေးကိုဖွင့်လှစ်ပြီး ဈေးဆိုင်ဆောက်လုပ် ခဲ့သည်။ ဘီလူးချောင်းတစ်လျှောက်ရှိ ကုန်သည်တို့သည် ဆိရိဒေါသို့လှေများဖြင့် လာရောက်ရောင်းဝယ်ခဲ့သည်။ ထို့အပြင် ဆီဆိုင်၊ နောင်မွန်တို့ဘက်မှ ကုန်သည်များသည်လည်း နွားလှည်းနှင့် နွားဝန်တင်တို့ဖြင့် လာရောက် ရောင်းဝယ်ခဲ့ကြသည်။ ထိုသို့ လာရောက်ရောင်းဝယ်သည်ကုန်သည်များအား အနှောင့်အယှက်မပြုလုပ်ရန် စောဖျာက လှေတစ်စီးလျှင် လှံတစ်ချောင်းပေးထားပြီး ကရင်နီနယ်သို့ ၀င်ရောက်လာလျှင် လှေဦးတွင် တပ်ဆင် ထားပါက မည်သူမျှ အနှောင့်အယှက်မပြုဝံ့ပါ။
        ဤကဲ့သို့အခြားမြို့ရွာများနှင့် ကူးသန်းရောင်းဝယ်ဖောက်ကားခြင်းဖြင့် ဆိရိဒေါသည် တစ်စတစ်စ စည်ကားလာပါသည်။ မြို့ကိုတိုးချဲ့ရန် ရွှေတောင်တောင်ဘက်တွင် ရှမ်းလူမျိုးများအား နေရာချထားပြီး ဘီလူးချောင်း အနောက်ဘက်ကမ်းတွင် အင်းလေးမှ ပြောင်းရွှေ့လာသူများကို နေရာချထားပေးခဲ့သည်။
          ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းကို အကြောင်းပြု၍ ရှမ်းလူမျိုးအမြောက်အများ လာရောက်နေထိုင် ခဲ့သည်။ ရှမ်းတို့သည် ဘီလူးချောင်းအနောက်ဘက်ကမ်းရှိ တစ်သီးတစ်ခြားစီရှိသော ရွှေတောင်နှင့် မင်္ဂလာသီရိ တောင်တော်ကို အကြောင်းပြု၍ လွိုင်ခေါ်ဟုခေါ်ဝေါ်ခဲ့သည်။ လွိုင်=တောင်၊ ခေါ်=တစ်သီးတစ်ခြား ရှိသည်။ လွိုင်ခေါ်သည် တစ်သီးတစ်ခြားရှိသောတောင်ဟု အဓိပ္ပါယ်ရပါသည်။ ကာလကြာရွေ့လျားလာသည့်အခါ လွိုင်ခေါ်မှ လွယ်ကော်ဟူ၍လည်းကောင်း၊ လွယ်ကော်မှ လွိုင်ကော်ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဆိုခဲ့သည်။ ကယားအမျိုးသားတို့သည် လွိုင်ကော်ကို ဆိရိဒေါဟူ၍ပင် ယနေ့ထိ ခေါ်ဆိုလျက်ပင်ရှိပါသည်။
ကယားလူမျိုးစုသမိုင်းစာအုပ်မှ ပြန်လည်မျှဝေပါသည်။
S.Htoowai




       



        

Sunday, February 23, 2014

နွေးထွေးစွာနှုတ်ဆက်ပါတယ်

ကယားပြည်နယ်ကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော့ blog မှာ ကယားပြည်နယ်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေသာမကဘဲ ဖုန်း application များကိုလည်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အခုမှ စပြီးစမ်းသုံးတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာရှိရင်လည်း နားလည်ပေးဖို့ မျှော်လင့်ပါတယ်။