လွိုင်ကော်မြို့ကို
ကယားလူမျိုးတိုက (ဆိရိဒေါ)ဟုခေါ်သည်။ ဆိရိဒေါသည် ဆိရိရွာဟု အဓိပ္ပါယ်ရသလို ကြက်ရိုးထိုး၍
အောင်မြင်သည်ဟူ၍လည်း အဓိပ္ပါယ်ရပါသည်။
ဆိရိဒေါဟုခေါ်ဆိုရခြင်းမှာ
ရှေးနှစ်ပေါင်းများစွာက လွိုင်ကော်မြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီလူးချောင်းအရှေ့ဘက်ကုန်းမြင့်နေရာတွင်
ကယားအမျိုးသား(၄)ဦးတို့က တောကိုခုတ်ထွင်ရှင်းလင်းပြီး ကြက်ရိုးထိုးကာ မင်္ဂလာရှိသည်ဟုယူဆသောကြောင့်
ရွာကိုတည်ထောင်ခဲ့သည်။ နောင်အခါတွင် ဘီလူးချောင်း တစ်လျှောက်တွင် ကူးသန်းရောင်းဝယ်မှုဖြင့်သွားလာသည့်
ရှမ်းအမျိုးသား(လုံးဆိရိ)သည် ကယားတို့ နှစ်သက်သော ကွမ်းသီး၊ ကွမ်းရွက်၊ ဆေး၊ ဆားအစရှိသော
ပစ္စည်းများကိုလာရောက်ရောင်းချယင်း အဆိုပါ ကယားရွာငယ်တွင် ဆိုင်တစ်ဆိုင်ကိုလာရောက်ဖွင့်လှစ်ခဲ့သည်။
ထိုအခါက အလက(၁)နေရာတွင် ဒေါတမရွာ၊ သီးသန့်ရဲစခန်းတွင် ဒေါဥခူရွာ၊ ဒေါနိုးကူးနှင့်ဒေသပါတီရုံးအနီးတွင်
ဒေါဆွီးဗွီးရွာတို့ရှိသည်။ လုံးဆိရိသည် အရှေ့ ကရင်နီစောဖျာဖမော်ကြီးထံ ၀င်ရောက်ခစားပြီး
အဆိုပါကယားရွာငယ်တွင် မြို့တည်ရန် ခွင့်တောင်းခဲ့ရာ ဖဖော်ကြီးက မြို့တည်ခွင့်ပြုခဲ့ပါသည်။
လုံးဆိရိသည် မြို့ကိုတည်ရန်
လူနေအိမ်ကွက်များကို စနစ်တကျအကွက်ချထားခဲ့သည်။ မြို့ကိုတည်သည့် ရက်ကိုရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း
နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်၊ ကဆုန်လ၊ သောကြာနေ့ ဖြစ်ပါသည်။ မြို့နံသောကြာဖြစ်သည့်အတွက်
ထိုအချိန်မှစ၍ နှစ်စဉ် ကဆုန်လ၊ သောကြာနေ့ကျရောက်သည့် အခါ မြို့တည်သည့်အထိမ်းအမှတ်အဖြစ်
ဆွမ်းလောင်းပွဲကျင်းပလေ့ရှိပါသည်။
မြို့ကိုတည်ပြီးနောက်
မြို့နံစေတီကုန်းထိပ်တွင် (၅)ရက်တစ်ဈေးကိုဖွင့်လှစ်ပြီး ဈေးဆိုင်ဆောက်လုပ် ခဲ့သည်။
ဘီလူးချောင်းတစ်လျှောက်ရှိ ကုန်သည်တို့သည် ဆိရိဒေါသို့လှေများဖြင့် လာရောက်ရောင်းဝယ်ခဲ့သည်။
ထို့အပြင် ဆီဆိုင်၊ နောင်မွန်တို့ဘက်မှ ကုန်သည်များသည်လည်း နွားလှည်းနှင့် နွားဝန်တင်တို့ဖြင့်
လာရောက် ရောင်းဝယ်ခဲ့ကြသည်။ ထိုသို့ လာရောက်ရောင်းဝယ်သည်ကုန်သည်များအား အနှောင့်အယှက်မပြုလုပ်ရန်
စောဖျာက လှေတစ်စီးလျှင် လှံတစ်ချောင်းပေးထားပြီး ကရင်နီနယ်သို့ ၀င်ရောက်လာလျှင် လှေဦးတွင်
တပ်ဆင် ထားပါက မည်သူမျှ အနှောင့်အယှက်မပြုဝံ့ပါ။
ဤကဲ့သို့အခြားမြို့ရွာများနှင့်
ကူးသန်းရောင်းဝယ်ဖောက်ကားခြင်းဖြင့် ဆိရိဒေါသည် တစ်စတစ်စ စည်ကားလာပါသည်။ မြို့ကိုတိုးချဲ့ရန်
ရွှေတောင်တောင်ဘက်တွင် ရှမ်းလူမျိုးများအား နေရာချထားပြီး ဘီလူးချောင်း အနောက်ဘက်ကမ်းတွင်
အင်းလေးမှ ပြောင်းရွှေ့လာသူများကို နေရာချထားပေးခဲ့သည်။
ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းကို အကြောင်းပြု၍
ရှမ်းလူမျိုးအမြောက်အများ လာရောက်နေထိုင် ခဲ့သည်။ ရှမ်းတို့သည် ဘီလူးချောင်းအနောက်ဘက်ကမ်းရှိ
တစ်သီးတစ်ခြားစီရှိသော ရွှေတောင်နှင့် မင်္ဂလာသီရိ တောင်တော်ကို အကြောင်းပြု၍ လွိုင်ခေါ်ဟုခေါ်ဝေါ်ခဲ့သည်။
လွိုင်=တောင်၊ ခေါ်=တစ်သီးတစ်ခြား ရှိသည်။ လွိုင်ခေါ်သည် တစ်သီးတစ်ခြားရှိသောတောင်ဟု
အဓိပ္ပါယ်ရပါသည်။ ကာလကြာရွေ့လျားလာသည့်အခါ လွိုင်ခေါ်မှ လွယ်ကော်ဟူ၍လည်းကောင်း၊ လွယ်ကော်မှ
လွိုင်ကော်ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဆိုခဲ့သည်။ ကယားအမျိုးသားတို့သည် လွိုင်ကော်ကို
ဆိရိဒေါဟူ၍ပင် ယနေ့ထိ ခေါ်ဆိုလျက်ပင်ရှိပါသည်။
ကယားလူမျိုးစုသမိုင်းစာအုပ်မှ ပြန်လည်မျှဝေပါသည်။
S.Htoowai
No comments:
Post a Comment